သန်လျင်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မိတ်ဆက် ရှင်းလင်းခြင်းနှင့် "လူငယ်နှင့်ငြိမ်းချမ်းရေး" စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် "လူငယ်နှင့်ငြိမ်းချမ်းရေး'' စကားဝိုင်း ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှ စီစဉ်၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘုရားကုန်းကျေးရွာရှိ ကြာကန်ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးဟန်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းကာ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်လူငယ်တာဝန်ခံ ကိုဝင်းကိုက စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။

၎င်းနောက် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးနှင့် မြို့နယ်လူငယ်တာန်ခံ ကိုဝင်းကိုမှ Moderator အဖြစ်ဆောင်ရွက်ကာ လူငယ်များနှင့် ငြိမ်းချမ်းရေးဆိုင်ရာများအား ဆွေးနွေးကြသည်။

ထို့နောက် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များအားမေးမြန်းကြရာ ပါဝင်ဆွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)