ပခုက္ကူမြို့၌ လူငယ်ခေါင်းဆောင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုဟောပြောပွဲ ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၆

Yangon Business Management Centre မှ ကြီးမှူးပြုလုပ်သော လူငယ်ခေါင်းဆောင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ပခုက္ကူမြို့၊ ကုန်သည်ပွဲစားများအသင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ Yangon Business Management Centre မှ CEO ဥက္ကဋ္ဌ စီးပွားရေးပညာရှင် ဦးတိုးတိုးအောင်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့် အဖွဲ့အစည်းအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က စီးပွားရေးနှင့်လူမှုဆက်ဆံရေးလုပ်ငန်းများတွင် အရေးကြီးသည့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အသက်အရွယ်အပိုင်းအခြားအလိုက်ထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်များအကြောင်းကို လည်းကောင်း၊ ပခုက္ကူမြို့၊ အောင်မြင့်မိုရ်မိုဘိုင်းဖုန်းနှင့်ဆန်ပွဲရုံကုမ္ပဏီ ဒါရိုက်တာ ဦးကျော်မျိုးထွန်းက စီးပွားရေး စိတ်ဝင်စားသူများနှင့် စတင်လုပ်ဆောင်မည့် လူငယ်များအတွက် အရေးကြီးဆုံးလုပ်ဆောင်နည်းများ၊ စီးပွားရေးရေရှည် တည်တံ့အောင်ထိန်းသိမ်းနည်းအကြောင်းများကိုလည်းကောင်း၊ ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က ဒေသအကျိုးပြုစီးပွားရေး လုပ်ငန်းများနှင့်နည်းပညာဖြင့် စီးပွားရေးနည်းလမ်းများရှာဖွေခြင်းအကြောင်း တို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကြပြီး ရှေးဦးစွာ Yangon Business Management Centre မှ CEO ဥက္ကဋ္ဌ စီးပွားရေးပညာရှင် ဦးတိုးတိုးအောင်က စီးပွားရေးလုပ်ငန်းရှင် မန်နေဂျာတစ်ဦးတွင် ရှိသင့်သည့်စီးပွားရေးစီမံခန့်ခွဲမှု အကြောင်းနှင့် စနစ်တကျလုပ်ကိုင်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းများအကြောင်းတို့ဖြင့် ဖြည့်စွက်ဟောပြော ဆွေးနွေးသည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပခုက္ကူမြို့ကုန်သည် ပွဲစားများ အသင်းဥက္ကဋ္ဌ ဦးတင့်ဝေနှင့် အသင်းဝင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးစိတ်ဝင်စားသည့် ပြည်သူများက မိမိတို့ သိရှိလိုသည့် စီးပွားရေးလုပ်ငန်းများအကြောင်းနှင့် လူမှုဆက်ဆံရေးအကြောင်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး