မင်းဘူး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခေတ်အဆက်ဆက် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကျောင်းသား/ကျောင်းသူများ မိမိတို့ပတ်ဝန်းကျင်တွင် နေ့စဉ်စားသုံးနေသည့် အစားအသောက်များ နှင့်ပတ်သက်၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလိုင်က ယနေ့ခတ် ကျောင်းသားလူငယ်များအနေဖြင့် အကျင့်ဇာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်လူငယ် လူတော်လူကောင်းလေးများဖြစ်စေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရန် သုတ၊ ရသ၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိစေနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ လူငယ်အသိပညာပေး ဟောပြောပွဲသို့ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်းအား (၄၀၀)ခန့် တက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာပေများနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)