မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆောင်းရာသီ ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကံမ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မင်းတုန်းချောင်း၊ မဒေးချောင်းဘေး ဝဲယာတစ်လျှောက်ရှိ မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့် ဆောင်းရာသီပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

အဆိုပါ ပဲစိုက်ခင်းများတွင် ပဲတီစိမ်းစိုက်ဧက ၁၃၀၅၅ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲစိုက်ဧက ၁၄၈၀၄ ဧကနှင့် ကုလားပဲ၊ မတ်ပဲ အစရှိသည့်ပဲစိုက်ခင်းများအား စိုက်ပျိုးထားရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ယမန်နှစ်က ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခဲ့သော်လည်း ပဲရိတ်သိမ်းရန် အချိန်နီးကပ်သည့်ကာလ၌ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သဖြင့် ပဲအထွက်နှုန်း ကျဆင်းခဲ့ပြီး ပဲစိုက်တောင်သူများ အခက်တွေ့ခဲ့ကြောင်း၊ ယခုနှစ်ပဲရိတ်သိမ်းသည့်အချိန်၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှု မရှိပါက တောင်သူများ အဆင်ပြေနိုင်ကြောင်း ရွှေတောကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦးမှ ပြောကြားခဲ့သည်။  

ကျော်ဇေယျဝင်း(ကံမ)