ပူတာအို အောက်တိုဘာ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များရှိ ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေး အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်အတွက် ပူတာအိုတပ်နယ်မှ ရိက္ခာအမယ်လေးမျိုး တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုတပ်နယ် ဗန္ဓုလခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အခမ်းအနားတက်ရောက်လာသည့် ရဲမှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားပြီး ပူတာအိုနှင့် မချမ်းဘောမြို့နယ်များရှိ ရဲမှုထမ်းဟောင်း(၂၈)ဦးအား အောက်တိုဘာ(၁၅)ရက်မှ(၂၈)ရက်အထိ (၁၄)ရက်အတွက် တစ်ဦးလျှင် ဆန် (၃)ပြည် နို့ဆီဘူး(၇)ဘူး၊ ဟင်းချက်ဆီ(၂၈) ကျပ်သား၊ ကုလားပဲခြမ်း(၄၂) ကျပ်သား၊ ဆား(၂၅)ကျပ်သားတို့ကို ရဲမှုထမ်းဟောင်းများ လက်ဝယ်အရောက်တစ်ဦးချင်း ထောက်ပံ့ပေးအပ်သည်။
အဆိုပါရိက္ခာအမယ်လေးမျိုး ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့် အညီထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် ရဲမှုထမ်းဟောင်းများအား (၂၅) ကုတင်ဆံ့တပ်မတော်ဆေးရုံမှ ဆေးမှူးနှင့် တာဝန်ရှိသူများက စာရင်း ရေးသွင်းမည့်နေရာ၊ ဆေးဝါးကုသမှု ပါရဂူနှစ်နေရာနှင့် ဆေးထိုးဆေးယူရန်နေရာများ စနစ်တကျ သတ်မှတ်ကာ စနစ်တကျ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးများ ထုတ်ပေးခြင်းနှင့်ဆေးဝါးကုသရန်နှင့် ဓာတ်မှန်ရိုက်ရန်လိုအပ်သော ရဲမှုထမ်းဟောင်းများအား (၂၅) ကုတင်ဆံ့ တပ်မတော်ဆေးရုံတွင် ဆေးဝါးကုသပေးခြင်းနှင့် ဓာတ်မှန် ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)