စေတုတ္တရာ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တိရစ္ဆာန်ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်းက သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ကြားတတ်မြောက်ခဲ့သော စာတွေ့လက်တွေ့သင်ခန်းစာများကို သေချာမှတ်သားလိုက်နာပြီး လက်တွေ့တွင် အောင်မြင်အောင် ဆက်လက်ကြိုးစား၍ ဆောင်ရွက်သွားကြပါရန် မှာကြားသည်။
အဆိုပါသင်တန်းအား ၂၀၂၀ ဇန်နဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကာကွယ်ဆေးထိုးလုပ်ငန်းများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် စေတုတ္တရာမြို့နယ်အတွင်းရှိ တိရစ္ဆာန်များ ကူးစက်ရောဂါကင်းရှင်းစေရန် ရည်ရွယ်၍အခြေခံကျန်းမာရေးဝန်ထမ်း(၂၀)ဦးဖြင့် ကာကွယ်ဆေးထိုး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရ သည်။
ခင်သန်းလှိုင်(ပြန်/ဆက်)