စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သောက်သုံးရေရရှိရေး ယခင် ဘဏ္ဍာရေးနှစ်ထက် (၁၀၃) သန်းကျော် ပိုမိုလျာထား

မုံရွာ အောက်တိုဘာ ၁၉

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၂၃၀.၁၆၇) သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများအတွက် လျာထားလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သောက်သုံးရေ ရရှိရေး လုပ်ငန်းများအတွက်လျာထားမှုသည် ယခင်ဘဏ္ဍာရေးနှစ်ထက် ငွေကျပ် (၁၀၃.၅၅၆) သန်း ပိုလျာထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာက မြို့နယ်(၃)မြို့နယ်မှာ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၅)ခုနဲ့ အခြားနည်းလမ်းနဲ့က လုပ်ငန်း(၂)ခု ကိုငွေကျပ် သန်း(၁၂၆.၆၁၁)သန်းနဲ့ လုပ်ဆောင်ပေး ခဲ့ပြီး ဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ်မှာတော့ မြို့နယ်(၂)မြို့နယ်က အမှန်တကယ် လိုအပ်နေတဲ့ ကျေးရွာ (၉)ရွာမှာ ငွေကျပ် (၂၃၀.၁၆၇)သန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကနေလျာထားလုပ်ဆောင် ပေးသွားမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ခွင့်ပြုရန်ပုံငွေကျပ် (၂၁၅.၈၀၇) သန်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာတွင် စိမ့်စမ်းရေ သွယ်ခြင်းလုပ်ငန်း(၈)ခုကိုလည်းကောင်း၊ လေရှီးမြို့နယ် အတွင်းရှိ ကျေးရွာ(၁)ရွာတွင် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၁)ခုကို ငွေကျပ်(၁၄.၃၆၀) သန်း ဖြင့်လည်းကောင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာ (၇)ရွာတွင် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း (၅) ခုနှင့် အခြားနည်းလမ်းဖြင့် ရေရရှိရေးလုပ်ငန်း(၂)ခုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၁၂၆.၆၁၁)သန်းဖြင့် လုပ်ဆောင် ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)