စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ခန္တီး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်က ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ခန္တီးမြို့နယ် အခြေခံပညာကျောင်း များ၏ တစ်နှစ်တာလုပ်ဆောင်မှု မှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။

ပညာရေးစုံပွဲတော်ကို ခန္တီး အ.ထ.က ကျောင်းသူများက ပညာရေးစုံညီ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က “နိုင်ငံတော်ရဲ့ပညာရေး   မြှင့်တင်ရေး အစီအစဉ်အရ ပညာရေးစုံညီပွဲတော်များကို ဇန်နဝါရီလရောက်တိုင်း နှစ်စဉ်ကျင်းပကြကြောင်း၊ စုံညီပွဲဆိုသည်မှာ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူရယ် စုံစုံညီညီ နှင့် တက်ရောက်ကြပြီး   ပျော်ရွှင်စွာဆင်နွဲကြသည်ကို တွေ့မြင်နိုင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ်ပတ်လုံး ဆောင်ရွက်ခဲ့သည့်လုပ်ငန်း၊ သင်ယူရရှိသည့်ပညာတွေကိုလည်း ထုတ်ဖော်ပြသမည့်ပွဲလည်း  ဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှမြင့်က ပညာရေးစုံညီပွဲတော်အကြောင်း ရှင်းလင်းပြော ကြားကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင်ဆုရရှိသည့် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် ခန္တီး အ.ထ.က မှ ပြည်ထောင်စုအင်အားသီချင်း၊ မြို့မ အ.ထ.က.ခွဲ မှ ပန်းတိုင်ကိုယ်စီသီချင်း၊ အ.လ.က ခန္တီး ဇီးဖြူကုန်းကျောင်းမှ နှစ်သစ်ရိုးရာအချိန်အခါသီချင်း စသည့် အခြေခံပညာကျောင်းများမှ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)