ကန့်ဘလူ ဇန်နဝါရီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် (ကန့်ဘလူ)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှညနေ ၅ နာရီထိ ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်သို့ လာရောက်သည့်ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားစေမည့် အသိပညာပေးပြခန်းပေါင်း ၁၆ ခန်းထည့်သွင်း ပြသသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော် ကျင်းပမည့်ရက်များတွင် စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်း အပြန်အလှန်ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ရာ မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။
ပွဲတော်အတွင်း စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းကစားနည်းပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲ၊ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တာရာဂိုးသွင်းပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော်တွင် ကန့်ဘလူမြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများက ပါဝင်တင်ဆက်သွားမည့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်ပြီး ကလေးစာပေပွဲတောသို့ လာရောက်သည့် ပရိတ်သတ်များအား ခြင်းအလှခတ်၊ ရုပ်သေးရုပ်အကများဖြင့်လည်း ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ အထက(၁)မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။
ဇီးကုန်း၊ ကျွန်းလှ၊ ကန့်ဘလူမြို့များမှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပွဲတော်လာရောက်သူများကို ဒေသအစားအစာများဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း၊ ကလေးများအတွက် အသင်းအဖွဲ့စိတ်ဓာတ်နှင့် စုပေါင်းဆောင်ရွက် တတ်စေကာ အသိပညာ ဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း နှင့် ကလေးစာပေပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)