သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါကာကွယ်ဆေး စတင်ထိုးနှံရန် အသိပညာပေး ဆွေးနွေး

ဖြူး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်၉နှစ်နှင့် အသက်၁၀နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား (Human Papillomavirus (HPV) vaccine Introduction) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်၌ ထည့်သွင်းနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးဝေဝင်း မှ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းနှင့်ပတ်သက်၍ (HPV) ပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိက ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား(၁၀၀)ကျော်ရှိပြီး ၎င်းတို့အနက်(၁၄)မျိုးသည် အန္တရာယ်များသော ဗိုင်းရပ်စ်ပိုးများဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာ အများစုသည် အန္တရာယ်များသော (HPV) ပိုးနှင့် ဆက်နွှယ်မှုရှိကြောင်း (HPV) ပိုးသည် လိင်ဆက်ဆံခြင်းနှင့် အရေပြားချင်း ထိတွေ့ခြင်းမှ တဆင့် ကူးဆက်ခြင်း(မည်သူမဆို) လူ့သက်တမ်း ဘဝတစ်လျှောက်လုံး တွင်အချိန်မရွေး ရောဂါပိုးဝင် ရောက်နိုင်ကြောင်း အသိပေး ရှင်းလင်းပြောကြားသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါကာကွယ်ဆေးကို ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့်မိန်းကလေးများ အားလုံးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ (၂၀)ရက်နေ့တွင်စတင် ထိုးနှံပေးပြီး ပထမအကြိမ် ထိုးနှံအပြီး  (၁၂)လခြားကာ ဒုတိယအကြိမ် ကိုထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ် ကြောင်း ကျန်းမာရေးမှူး မိုင်းသက်နိုင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

မနွယ်(ဖြူး)