ခရမ်း အောက်တိုဘာ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား အောက်တိုဘာ ၂၄ ရက်နေ့တွင် ခရမ်းမြို့ အ-ထ-က (၁)စိန်ရတု ခန်းမတွင် (၅)ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက် နှင့် အညီ သင်တန်းသား၊ သင်တန်းသူ (၁၀၈)ဦး တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက် ကြာမြင့်မည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့သရုပ်ပြသခြင်းများ ပါဝင်မှာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်ရိုး(၁)မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များ၊ မဲရုံအဖွဲ့ဝင်များခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာသတိပြုရန်အချက်များ၊ သင်ရိုး (၂) မဲရုံတည်နေရာနှင့် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့် ပစ္စည်းများစာရင်း၊ သင်ရိုး (၃) လိုအပ်သည့်ပုံစံများ၊ စစ်ဆေးရမည့်အချက်အလက်များ၊ မသန်စွမ်းသူများ နှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး (၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ သင်ရိုး (၅) မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်း နှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး (၆) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ် များတို့ကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများမှ (၅) ရက်ခွဲ၍ သင်တန်းပို့ချကြမည်ဖြစ်ကြောင်း သိရှိရ သည်။
ကိုမင်း(ခရမ်း)