မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို နေ့စဉ် ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဦးမြတ်စံလမ်း၊ စက်ရုံလမ်းနှင့် မင်္ဂလာစျေးတို့တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ​ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများအား ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေခဲ့သည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ နေ့စဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)