အုတ်တွင်းမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေးကို  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း  အောက်တိုဘာ       ၂၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၉:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့ပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအေး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင်    မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး      ဒေါက်တာ ကျော်မိုး က ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေ များ၊ အိတ်ချ်ပီဗီ ( Human Papillomavirus)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါများ ဆက်နွယ်မှု အခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ နောက်ဆက်တွဲ ပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးအကြောင်းများ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များ၊ ကာကွယ်ဆေးအပြည့်အဝ ရရှိစေရန် (၂)ကြိမ် ထိုးနှံပေးဖို့လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် အသက် (၉)နှစ်မှ (၁၀)အထိ မိန်းကလေးများ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)