ကိုဗစ်-၁၉ ကာလ နိုင်ငံတော်အစိုးရ အထောက်အပံ့ မရရှိဖူးသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံ စားသောက်ကုန်ပစ္စည်း(၅)မျိုး အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ရန်ကုန် အောက်တိုဘာ ၂၀

ကိုဗစ်-၁၉ Stay at home ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရန် အတွက် နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ တစ်ကြိမ်မျှမရရှိဖူးသော ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များအတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံစားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်(၅)မျိုးတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီနာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူကာ အိမ်တိုင်ရာ‌ရောက် လိုက်လံထောက်ပံ့ပေးအပ် လျက်ရှိသည်။

ထိုသို့ လိုက်လံပေးအပ်ရာတွင် ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်အတွင်းရှိ အခြေခံလက်လုပ် လက်စား အိမ်ထောင်စု များထံ ပေးအပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍ ဦးစံဖေရပ်ကွက်ရှိ  အိမ်ထောင်စု (၁၁၀)စု ကို ပေးအပ်ခဲ့ကြသည်။ ကျန်ရပ်ကွက်များသို့ လည်း ဆက်လက်‌ထောက်ပံ့‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)