မုဒုံ အောက်တိုဘာ ၂၀
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ် အဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဒေါက်တာ မြင့်သိန်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းခြင်းလုပ်ငန်း နိုင်ငံတော်အဆင့်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြား သည့် မိန့်ခွန်းကို တက်ရောက် နားဆင်ပြီးမြို့ပေါ်ရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကင်းဝေးစေရေးအတွက် ပထမအကြိမ်အိတ်ချ်ပီဗီကာကွယ်ဆေးကို ထိုးနှံပေးရာတာဝန်ရှိ သူများက ကြည့်ရှု အားပေးခဲ့သည်။
မုဒုံမြို့နယ်တွင် ၎င်းကာကွယ်ဆေးကို၂၀၂၀ပြည့်နှစ်အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် (၁.၉.၂၀၁၀)မှ (၃၁.၈.၂၀၁၁) အတွင်း မွေးဖွားသောအမျိုးသမီးငယ်များကို ပထမအကြိမ်ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်ဝ ရရှိရန်အတွက် ပထမအကြိမ်ထိုးနှံအပြီး(၁၂) လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)