တောင်ငူ အောက်တိုဘာ ၂၀
တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရှေ့၌ ကြိုတင်မဲဆန္ဒမဲပုံးများ အလွတ်ဖြစ်ကြောင်း ပြသပြီး ချိတ်ပိတ်တပ်ဆင်ခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံလှက ကြိုတင်မဲပုံးများအား ချိတ်ပိတ် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက် လာသူများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ကြိုတင်မဲပုံးအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယနေ့ အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၁၉၅၃၄၉)ဦးရှိပြီး မဲဆန္ဒနယ်ပြင်ပ (ပြည်ပ) မဲဆန္ဒရှင် (၄၅၇)ဦး၊ မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း) (၁၄၄) ဦး ၊ မဲဆန္ဒရှင် တပ်မတော်သားများနှင့် ၄င်းတို့၏ မိသားစုဝင်များ (၄၂၇၂)ဦး ရှိကြောင်း နှင့် မြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်ရန် မဲရုံပေါင်း (၁၉၃) ရုံ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဇော်ထက် (တောင်ငူ)