ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် Oxygen Cylinder ဝယ်ရန် အလှူငွေကျပ် (၆)သိန်းကို ယနေ့ နေ့လယ်(၁)နာရီအချိန်က အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ တွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးရဲထွတ်စိုးနှင့်ဇနီး ဒေါ်ဝင်းဝင်းပြုံး USA မှ ဒေါက်တာ မြသဲဟန်ကတစ်ဆင့် အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ Oxygen Cylinder ဝယ်ရန် အလှူငွေကျပ်(၆)သိန်းကို လှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မာမာကြည်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)