ကနီမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကနီ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပေးရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ က မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း က အမှာစကားပြောကြားပြီး၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ်က ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေများ၊ အိတ်ချ်ပီဗီ (Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာရောဂါများ ဆက်နွယ်မှု အခြေအနေ၊ သားအိမ်ခေါင်း ကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ် ဆေးအကြောင်းများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်း၊ ကုသခြင်းနှင့် အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံပေးဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေး ထိုးနှံသည့် အမျိုးသမီးငယ်များအားမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှလက်ဆောင်ပစ္စည်းများပေးခဲ့​သည်။

အသိပေးရှင်းလင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တိုက်နယ် ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြပြီး၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးကို အသက် (၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေးများအား အောက်တိုဘာ (၂၀)ရက်နေ့တွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တိုက်နယ် ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၌ စတင်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်းကြည် (ပြန်/ ဆက်)