သနပ်ပင်၊ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက သနပ်ပင်မြို့နယ် ရစ်ကံလေးကျေးရွာ ကယ်ဆယ်ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာမှ ယနေ့ကျင်းပသော ပြည်သူ့စကားဝိုင်းမှာ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသအတွင်း ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများဖြစ်ပေါ်လာစေနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးရွာပြည်သူလူထုများမှ သိရှိလိုသည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ဖောက်လုပ်ပေးနိုင်ရေး စသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ယနေ့ကျင်းပသည့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူလူထုများ စုစုပေါင်းအင်အား ၁၅၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
လှမိုး(သနပ်ပင်)