ကြို့ပင်ကောက် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းမြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်ဖွင့်ပွဲအခမ်းအနားအစီအစဉ် video conferencing စနစ်ဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)စတင် ထိုးနှံခြင်းအစီအစဉ်ကိုမြို့နယ်မိခင်ကလေး ကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြင့် စတင်ထိုးနှံပေးခဲ့ရာ
ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ (၂၀၁၀) အောက်တိုဘာ(၁) ရက် နေ့မှ (၂၀၁၁)စက်တင်ဘာ(၃၀)ရက်အတွင်း မွေးဖွားသော၊ အသက်(၉)နှစ်မှ (၁၀)နှစ်အ တွင်း မိန်းကလေးငယ် စုစုပေါင်း (၈၄၀)ဦးကို အောက်တိုဘာ (၂၁)ရက်နေ့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာစိုးမြင့်အောင်ကပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)