ပခုက္ကူ ဇန်နဝါရီ ၇
Universal Health Coverage Day UHC လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီခွဲက ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ပခုက္ကူမြို့၊ တွဲလက်များ ပရဟိတအသင်းမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့တို့က လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအထိမ်းအမှတ်တေးသီချင်းများဖြင့်ဖျော်ဖြေ၍ ဖွင့်လှစ်ကြသည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေနှင့် ပခုက္ကူခရိုင် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်မြတ်မိုးတို့က အဖွင့်အမှာစကားပြောကြားကြပြီး Myanmar Health CSOs Network မကွေးတိုင်းတာဝန်ခံ ဒေါ်အေးအေးမူက Universal Health Coverage Day UHC လူတိုင်း လက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုနေ့ ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ်အခမ်းအနားပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် ဒေါက်တာစုမွန်နိုင်က ဆီးချို၊ သွေးတိုးရောဂါအကြောင်းနှင့် ဆရာဝန် ဒေါက်တာမို့မို့စန်းက (HIV/AIDS) အကြောင်း စသည့် ကျန်းမာရေးနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်နည်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းတို့ကို အသိပညာပေးပြောကြားကြပြီး ပခုက္ကူမြို့နယ် လူမှုရေးအဖွဲ့အစည်းဥက္ကဋ္ဌ ဦးရဲထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် Myanmar Health CSOs Network ပခုက္ကူမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် ဆောင်ပုဒ်များပါသည့် ဗီနိုင်းများ ကိုင်ဆောင်သရုပ်ပြခြင်းနှင့် တေးသီချင်းသီဆိုခြင်းများ ပြုလုပ်ကြသည်။
ထို့အပြင် ဆီးချို၊ သွေးတိုးရောဂါရှိ/မရှိ၊ HIV ပိုးရောဂါရှိ၊ မရှိများစစ်ဆေးပြီး ဆေးဝါးများ၊ အားဆေးများပေးခြင်း၊ ကျန်းမာရေးသုံးပစ္စည်းများ အခမဲ့ပေးဝေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး