သရက်မြို့၌ အသက် (၉) နှစ်မှ (၁၀) အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက် အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးခြင်းကို  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၉)နှစ်မှ (၁၀) အရွယ် အမျိုးသမီးငယ်များအား  ယနေ့နံနက် (၈) နာရီမှ စတင်၍  မြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ နေရာများတွင် ကွင်းဆင်း ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အိတ်ချ်ပီဗွီကာကွယ်ဆေး( Human Papillomavirus Vaccine – HPV) ထိုးနှံခြင်း များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ(၂၁)ရက်နေ့မှ စတင်၍  သရက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကာ  စတင်ထိုးနှံသည်မှ (၁၂)လအကြာတွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်သည်။ HPV ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် အမျိုးသမီးများတွင်ဖြစ်ပွားတတ်သည့် သားအိမ်ခေါင်းကင်ဆာ နှင့် မျိုးပွားလမ်းကြောင်း တွင်ဖြစ်ပွားတတ်သည့်ရောဂါများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ သရက်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)အရွယ် အမျိုးသမီးငယ်(၁၅၄၃)ဦးအား  သားအိမ်ခေါင်း ကင်ဆာ(HPV)ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်ထံမှ သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)