ရေနံချောင်းမြို့နယ်၌ ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ရေနံချောင်း အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် Goal Petrol ရေနံကုမ္ပဏီမှ ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံသုံးကုတင် ၁၇ လုံး၊ PPE ဝတ်စုံအပြည့် ၅၀ စုံ၊ Surgical Gown ၁၀၀ စုံ၊ ပိုးသတ်ဆေးဘူးအကြီး ၂၀ ဘူး၊ N-95(Mask) ၂၀ ဘူး၊ လက်အိတ်အရှည် ၂၀ ထုပ်၊ ခေါင်းစွပ် ၂၀ ထုပ်၊ Hand Gel ၁၀၀ ဘူး၊ Mask ၅၁၀ ဘူး စုစုပေါင်းတန်ဖိုးငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံချောင်း မြို့နယ် မန်နေဂျာ ဦးခွန်မျိုးသန့်နှင့် Goal Petrol ရေနံ ကုမ္ပဏီမှ ဒေသမန်နေဂျာ Mr.Donal Marta တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပေးအပ်လှူဒါန်း ရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဌ ဦးမန်ကိုဟော၊ ဘဏ္ဍာရေးမှူးဦးသန်းဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ရေနံချောင်းမြို့နယ်၌ အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ ၃၄ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း သတင်းမှန်ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။

ကိုစိုးကြီး