ဂန့်ဂေါတွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံ

ဂန့်ဂေါ အောက်တိုဘာ ၂၁

ဂန့်ဂေါမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ (၂၀၂၀) ခုနှစ် စက်တင်ဘာလမှစပြီး နှစ်စဉ် အခမဲ့ ထိုးနှံပေးနေပြီဖြစ်ကြောင်း၊ အသက်(၉)နှစ်မှ (၁၀) နှစ်ထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြားပြီး (၂) ကြိမ် ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ဂန့်ဂေါခရိုင် ကျန်းမာရေးမှူး (၁) ဦးမျိုးဝင်း၊ မြို့နယ်ကျန်းမာရေးမှူး (၁) ဦးဒါမှုန်း၊ မြို့နယ်အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ယောလှီး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့ တက်ရောက်ကြပြီး မြို့ပေါ်(၄)ရပ်ကွက်မှ သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးလာရောက်ထိုးသူ (၁၃၀)ဦး ရှိကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ဝေသည့် အိတ်ချ်ပီဗီကာကွယ်ဆေး နှင့်ပတ်သက်သော အမေးများသည့် “မေးခွန်းနှင့် အဖြေများ”စသည့် အသိပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)