မြင်းမူ အောက်တိုဘာ ၂၁
သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုရှိ/မရှိ စစ်ဆေးခြင်း၊ မျိုးသန့်မျိုးကောင်းရရှိရေးအတွက် ပေါင်းမြက်သန့်စင်ရေးနှင့် ဒေသခံတောင်သူများ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းကို အောက်တိုဘာလ (၂၀)ရက်နေ့က စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့နယ်၊ မူးဝရွာထောင်ကျေးရွာရှိ တောင်သူဦးတင်စိုး၏ (CERP) အစီစဉ်ဖြင့် စိုက်ပျိုးထားရှိ သည့် မနောသုခ(မိုးစပါး) စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အကျိုးပြုမိတ်ဖက်ပိုးမွှားများက စိုက်ခင်းများအပေါ် ကျရောက်တတ်သည့် ရန်သူ ပိုးမွှားများကို တိုက်ဖျက်နိုင်ခြင်းတို့ကြောင့် မိတ်ဆွေပိုးနှင့် ရန်သူပိုးများနှင့် ပတ်သက်၍ ဒေသခံတောင်သူများ ခွဲခြားသိရှိစေရန်ကို လည်းကောင်း၊ ဓာတုပိုးသတ်ဆေးအသုံးပြုမှုကို လျှော့ချ၍ ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်ကို မပျက်စီးသည့် သဘာဝပိုးသတ်ဆေးများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ စပါးစိုက်ခင်းမှာ မျိုးစေ့ထုတ်စိုက်ခင်းဖြစ် သည်နှင့် အညီ မျိုးကောင်းမျိုးသန့် ရရှိနိုင်ရေးအတွက် ပေါင်းမြက်ကင်းစင်ရေး တို့နှင့်ပတ်သက်၍ တောင်သူများထံ ကွင်းဆင်း၍ ပညာပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်သဲသဲအောင်ထံမှသိရှိရသည်။
မြင်းမူမြို့နယ်တွင် COVID-19 Economic Relief Plan (CERP) ထောက်ပံ့မှုအစီအစဉ်ဖြင့် ဒေသခံ တောင်သူ (၁၄၈) ဦးက မျိုးစေ့ ထုတ်မိုးစပါး (၂၅၉) ဧကကို စိုက်ပျိုးထားရှိပြီး ယခုအခါ အောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ