စေတုတ္တရာ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV Vaccine) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းဖြင့် အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းလျော့ချ ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကလေးငယ် များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးအား ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လ အတွင်း မွေးဖွားသည့် အသက်(၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်များကို တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ယမန်နေ့မှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးအနေဖြင့် (၁၃) မျိုး မြောက်အဖြစ် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့ အစည်းများပူးပေါင်းကာ မြို့ပေါ်ရှိအသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း ရှိသော အမျိုးသမီးငယ်များအား အိတ်ချ်ပီဗီ ကာကွယ်ဆေးများ စတင်ထိုးနှံပေးကာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်းရှိသော အမျိုးသမီးငယ် (၃၁)ဦးလာရောက်ထိုးနှံခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေ သေးသည့် ကျေးရွာများမှ အမျိုးသမီးငယ်များအား အိတ်ချ်ပီဗီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)