ပွင့်ဖြူ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ အသွား အလာ ကန့်သတ်စောင့်ကြည့်ရသူ (၃၇) ဦးအား အောက်တိုဘာ ၁၈ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့ စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၀ ရက်၊ ည ၈ နာရီခွဲတွင် အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့် ရသူများတွင် အမျိုးသမီး (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများမှာ အောက်တိုဘာ (၁၁)ရက်နှင့် (၁၅) ရက်နေ့တို့က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံမှ ပြန်လည် ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ထား ရှိသော ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ အောက်တိုဘာ (၁၈) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၃၇)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၀ ရက် ၊ ည ၈ နာရီခွဲ အချိန်ခန့်တွင် ၎င်း အမျိုးသမီး(၃)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၃၄)ဦးမှာ ရောဂါပိုး မတွေ့ရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၃) ဦးမှာ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု ၊ သိမ်ကုန်း ကျေးရွာမှ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာမှ အသက် (၂၃)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ ဖြစ်ပြီး၊ ၎င်းပိုးတွေ့လူနာ (၃) ဦးကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းမှ ပရဟိတအဖွဲ့က စိုက်ပျိုးရေးသိပ္ပံ ကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသ ဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ်ဆောင်ရွက် ပေးထားကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ နေရပ်ပြန်လာသူများ ထားရှိသည့် Facility Quarantine Centre အနေဖြင့် မြို့ပေါ်တွင်(၁)ခု ၊ ကျေးရွာတွင်(၁၅)ခု ရှိပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရသူဦးရေမှာ မြို့ပေါ် Facility Quarantine Centre တွင် (၇၇)ဦး ၊ ကျေးရွာ Facility Quarantine Centre (၁၅)ခုတွင် (၄၈) ဦး ကျန်ရှိနေသေးကြောင်း သိရကာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာဦးရေမှာ (၁၂)ဦး ရှိပြီဖြစ်ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၂)ဦး ဖြစ်ကြောင်း ၊ ကျန်ရှိ သည့် ပိုးတွေ့လူနာ (၁၀) ဦးအား ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ကျန်းမာရေး ဆေးကုသ ပေးလျက်ရှိကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )