မော်လမြိုင် အောက်တိုဘာ ၂၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေး မေးမြန်းနိုင်မည့် အစီအစဉ်ကို မွန်ပြည်နယ်အတွင်း၌ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။
ယခုအစီအစဉ်ကို မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) နှင့် အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့ (မွန်ပြည်နယ်) တို့ ပူးပေါင်းကာ ဝန်ဆောင်မှုပေးနေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) ဥက္ကဋ္ဌ ဒေါက်တာတင်နွဲ့ဝင်းက ပြောသည်။
“ဒီကာလပေါ့နော်၊ ဆေးခန်းတွေ ပိတ်နေတဲ့အခါကျတော့ တချို့ဖွင့်တဲ့ ဆေးခန်းကလည်း ပြန်ဖွင့် ကြပါပြီး၊ အရင်တုန်းက ကြောက်ပြီးတော့ အကုန်လုံးပိတ်လိုက်ကြတာကို၊ အဲချိန်မှာ လူထုက အခက် အခဲဖြစ်နေပေါ့၊ တစ်ခုခုဆို ဆေးရုံသွား၊ လမ်းညွှန်နေရတဲ့ အနေအထား ဖြစ်တဲ့အခါကျတော့ ဆေးရုံ တွေမှာလည်း အလုပ်တွေ မနိုင်မနင်းဖြစ်နေတယ်၊ တချို့ဖွင့်ထားတဲ့ ဆေးခန်းက ပြည်သူတွေ ရဲ့ ကျန်းမာရေး စောင့်ရှောက်နေတာပေါ့နော်၊ တချို့ပိတ်ထားတဲ့ ဆေးခန်းတွေနဲ့ ကျန်တဲ့ မြို့နယ်တွေက များသောအားဖြင့် လော့ဒေါင်းတွေ ချထားတဲ့ Stay Home နေနေရတဲ့ ပြည်သူတွေ အတွက် ကျန်းမာရေးအခက်အခဲရှိလို့ရှိရင် အရေးပေါ်အခြေအနေအနေနဲ့ ဖုန်းလေးနဲ့ ဆက်လိုက်ရင် သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို တနည်းနည်းနဲ့ ဖြေရှင်းပေးနိုင်မလား ရည်ရွယ်ချက်နဲ့ ဒါလေးကို လုပ်တာပါ။"ဟု ၎င်းက ပြောသည်။
ယင်းအပြင် မိမိနေထိုင်ရာ မြို့နယ်တွေကနေ သက်ဆိုင်ရာဆရာဝန်ကြီးများကို တိုက်ရိုက် ဖုန်းခေါ်ဆိုပြီး တိုင်ပင် ဆွေးနွေးနိုင်သည့်အပြင် လိုအပ်ပါက ပါရဂူဆရာဝန်ကြီးများနှင့် ချိတ်ဆက် ဆွေးနွေးနိုင်ရန် အတွက်ကို စီစဉ်ပေးထားကြောင်း ဒေါက်တာ တင်နွဲ့ဝင်း က ဆက်လက် ပြောသည်။
“အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ကနေပြီးတော့ သားဖွားမီးယပ်တို့လို အကြံဉာဏ်မျိုး လိုချင်လို့ ရှိရင် ဒီသားဖွားမီးယပ်ဆရာဝန်က ဒီလူနာအကြောင်းကို တိုက်ရိုက်ညွှန်ကြားပေးမယ်၊ ထိရောက်စွာ ကုသပေးမယ်၊ ဒါကြောင့် အနောက်ကနေပြီးတော့ အထူးကုဆရာဝန်အဖွဲ့က ရပ်ပြီး ပံ့ပိုးပေးထားတာ၊ တက်နိုင်တဲ့ ဉာဏ်ပညာအားနဲ့ ပံ့ပိုးပေးထားတာပါ။” ဟု ၎င်းက ပြောသည်။
အဆိုပါဝန်ဆောင်မှုကို အောက်တိုဘာလ ပထမအပတ်တွင် မြို့နယ်အသီးသီး၌ စတင်ဆောင်ရွက် ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေ ထိန်းချုပ်နိုင်သည့် အနေအထားမရောက်အချင်း အတက်နိုင်ဆုံး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကို ဆက်သွယ်မေးမြန်းလိုပါက Myanmar Medical Association- Mawlamyine Facebook Page တွင် မြို့နယ်အလိုက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် အချိန်စာရင်းကို ဝင်ရောက်ကြည့်ရှု့ကာ ဆက်သွယ် မေးမြန်းနိုင် ကြောင်း သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)