ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်းပေး

ပဲခူး  အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ ယမန်နေ့ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် CIC ကုမ္ပဏီမှ PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ CIC ကုမ္ပဏီ(ဆေးရုံသုံး၊ ရောဂါကာကွယ် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ)မှ ဒါရိုက်တာ ဦးနေလ က PPE ဝတ်စုံ(၁၀၀၀)စုံအား ပေးအပ်လှူဒါန်းရာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းရရှိသည့် PPE ဝတ်စုံများအား သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းဇယားများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်​ပြီး အောက်တိုဘာလ (၂၀)ရက်နေ့ (၁၂:၀၀)နာရီအထိ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄၄)ခု၌ နိုင်ငံသား (၂၇၀၃)ဦးနှင့် သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ နိုင်ငံသား(၁၇၇၂)ဦးရှိ၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၈)ဦး၍ ဆေးကုသမှု ခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၈၃၆)ဦး၊ ရောဂါပိုး တွေ့ရှိသူ(၇၆)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၃၁၀၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၇၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ် အနေဖြင့် Facility Quarantine (၇၀၅)ခု၌ နိုင်ငံသား(၈၄၁၇)ဦးရှိပြီး သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၅)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)