ရန်ကုန် အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ဦးအောင်ဝင်းသိန်းကအဖွင့်အမှာစကားပြောကြားရာတွင် "အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့”ဟာ သဘာဝဘေးအန္တရာယ်ကြံကြံခံနိုင်သည့် လူ့အဖွဲ့အစည်းရပ်ဝန်းအဖြစ်တည်ဆောက်ရာမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ “International Day for Disaster Risk Reduction(IDDR)” အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၀ ခုနစ်မှစတင်ပြီး မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားများကို နိုင်ငံတော်အဆင့်အခမ်းအနားတစ်ရပ်အနေနဲ့ ပြည်ထောင်စုအဆင့်အခမ်းအနားနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌လည်း အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၃ ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးအဆင့်အခမ်းအနားအဖြစ် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်မှာ(၉)ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး မဟာဗျူဟာ(United Nations International Strategy for Disaster Reduction UNISDR)က နှစ်စဉ်ဦးတည်အုပ်စုတစ်စုကို ရွေးချယ်ပြီး ဆောင်ပုဒ်များချမှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ(Video Message)၊ မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့ စင်တင်ပြဇာတ်တို (Video)၊ “မိုခါ”မုန်တိုင်း တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာမှတ်တမ်းတင်(Video)များကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းနှင့်အလယ်တန်းအဆင့် ဆုရကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဆုများအသီးသီးပေးချီးမြှင်ခဲ့ကြပြီး မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးဆော်ဩခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်းပြခန်းအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ မီးဘေးဖြစ်ပွားမှု(၂၇)ကြိမ်၊ တောဆင်ရိုင်းဘေးဖြစ်ပွားမှု(၁၄)ကြိမ်၊ ကမ်းပြိုဘေး(၅)ကြိမ်၊ ရေဘေးဖြစ်ပွားမှု(၂)ကြိမ်၊ မိုးကြိုးထိမှန်သေဆုံးမှု(၂)ကြိမ်၊ လေဘေးဖြစ်ပွားမှု(၂၇)ကြိမ်၊ စုစုပေါင်းဘေးဖြစ်ပွားမှု(၇၇)ကြိမ်ရှိခဲ့ပြီး ငွေကျပ်(၇၅၈)သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း မိုခါမုန်တိုင်း၏ အရှိန်ကြောင့်ခရိုင်(၁၀)ခရိုင်အတွင်းရှိ မြို့နယ်(၁၆)မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငွေကျပ်(၁၇၇)သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)