သရက်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ ကျင်းပ

သရက် ဖေဖော်ဝါရီ  ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်က ပြောကြားရာမှာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းသင်ကြားပေးသည့်သင်တန်းဖြစ်သဖြင့် မိမိတို့ ရပ်ရွာ ပြန်လည် ရောက်ရှိသည့်အခါ သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များဖြင့် လုပ်ငန်းခွင်များတွင် ဝင်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်) ကျောင်းအုပ်ကြီး ဒေါက်တာကျော်စံဝင်းက သင်တန်းတွင် သင်ကြားခဲ့သည့် ဘာသာရပ်များဖြင့် လုပ်ငန်းခွင် တွင် ဝင်ရောက်၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက မိမိဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပေးခဲ့ကာ သင်တန်းဆရာများအား ဂါရ၀ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးယုမော်က သင်တန်းသား/သူ များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများ၏ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)