ကျောက်တန်း အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ခံရသူပေါင်း (၁၉၉) ထိရှိလာပြီဖြစ်သည့်အတွက် ပြန့်ပွါးမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက် လျှက် ရှိရာ ယနေ့နံနက် ၈:၃၀ နာရီက လူစည်ကားရာမြို့မဈေး၊ ယာယီဈေး၊ ဂတ်တန်းကွေ့နှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် မလိုအပ်ဘဲ အပြင်မထွက်ရေး အတွက် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် မိမိတို့ ကျောက်တန်းမြို့နယ်တွင် ပိုးတွေ့လူနာများ ရှိလာခြင်းနှင့် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူများ ရှိလာခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်ပြင်ပသို့ ထွက်ခွါခြင်းကို အတတ်နိုင်ဆုံး မပြုကြရန်နှင့် ထွက်ခွါပါကလည်း Mask တပ်ဆင်ရန်၊ မဖြစ်မနေ သွားလာရမည် ဆိုပါက မိသားစု တစ်စုလျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ် ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာ ဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကို စနစ်တကျဆေးကြောရန်တို့ကို အသိပညာပေးပြီး Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများကို Mask များ (အခမဲ့) တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ( ၁၉၉) ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ(၁၄၀) ဦး၊ ဆက်လက်ဆေးကုသမှု ခံယူနေသူ( ၅၉) ဦး၊သေဆုံးသူ(၃)ဦး နှင့် Quarantine Centre များတွင် စောင့်ကြည့်လူနာ (၅၇)ဦး ဖြစ်ကြောင်း သိရှိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)