သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)  စတင်ထိုးနှံရန် အသိပညာပေးဆွေးနွေး

ပန်းတောင်း    အောက်တိုဘာ    ၂၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၉)နှစ်နှင့် အသက် (၁၀)နှစ်အရွယ် ရှိ မိန်းကလေးငယ်များအား Human Papillomavirus (HPV) Vaccine သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှင့် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်၌ ထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁၂:၃၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မင်းအုဋ် က ကာကွယ်ဆေးစတင်ထိုးနှံခြင်းနှင့် ပတ်သက်၍ HPV ပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိက ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား (၁၀၀)ကျော်ရှိသည်။ ၎င်းတို့အနက် (၁၄)မျိုးသည် အန္တရာယ်များသော Virus  ပိုးများဖြစ်ကြောင်း သာအိမ်ခေါင်းကင်ဆာအများစုသည် အန္တရာယ်များသော HPV ပိုးနှင့် ဆက်သွယ်မှုရှိကြောင်း HPV ပိုးသည် လိင်ဆက်ဆံခြင်းနှင့် အရေပြားချင်းထိတွေ့ခြင်းမှ  တဆင့် ကူးစက်ခြင်း (မည်သူမဆို)လူ့သက်တမ်း  ဘဝတစ်လျှောက်လုံးတွင် အချိန်ရွေး ရောဂါပိုး ဝင်ရောက်နိုင်ကြောင်း အသိပေးရှင်းလင်းပြောကြားသည်။
 အဆိုပါ သားအိမ်ခေါင်းကင်ဆာ HPV ရောဂါ ကာကွယ်ဆေးကို ၂၀၁၀ ပြည့်နှစ်  စက်တင် ဘာလမှ  ၂၀၁၁ခုနှစ် သြဂုတ်လအတွင်း  မွေးဖွားသည့် မိန်းကလေးများအားလုံးကို ၂၀၂၀  ပြည့်နှစ် အောက်တိုဘာ၂၀ ရက်နေ့တွင် စတင်ထိုးနှံပေးပြီး  ပထမအကြိမ် ထိုးနှံအပြီး ၁၂ လခြား ကာ ဒုတိယ အကြိမ်ကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
 သင်သင်းအေး(ပြန်/ဆက်)