ရန်ကုန် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများနှင့် ဌာနဆိုင်ရာများ အတွက် ဆန်၊ ဆီ၊ အာလူး၊ ပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ကြက်သား၊ အချိုရည် စသည့် အခြေခံ စားသောက်ကုန်(၉)မျိုးကို အစ္စလာမ့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း မြန်မာ(IDSM) မှ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သီရိဇေယျနော်ရထာ ခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အစ္စလာမ့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း မြန်မာ(IDSM) မှ ဥက္ကဋ္ဌ ဦးကျော်နိုင်ဦး က အခြေခံစားသောက်ကုန်များ လှူဒါန်း ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ရှိ ဝန်ထမ်းများနှင့် Save လူမှုကူညီရေးအသင်း၊ ဂရုဏာရှင် လူမှုကူညီရေးအသင်း တို့အား အခြေခံစားသောက်ကုန်များကို ပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အစ္စလာမ့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမြန်မာ(IDSM) မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း ဒလမြို့နယ်ရှိ သမ္မတကမ်းခြေရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ အံ့ကြီး အနောက်ရပ်ကွက်တို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၆၀၀ အတွက် ဆန် (၆)ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၂၀ လုံး၊ အာလူး ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ငါးသေတ္တာ ၁ ဗူး၊ ကုလားပဲ ၂၅ ကျပ်သား၊ ကြက်သားထုတ် ၁ ထုတ်၊ အချိုရည် ၂ ဗူး စသည့် အခြေခံစားသောက်ကုန်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိသော စားသောက်ကုန်များကို လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)