နန်းယွန်း အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာ ကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗဟိုအဆင့်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့် မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ အမှာ စကားတို့ကို Projector ဖြင့်ဖွင့်လှစ်ပြသပြီးနောက် နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိူးသန့်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော (HPV) ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းတွင် စတင်ထည့်သွင်းပြီး ပထမ အကြိမ်ထိုးနှံမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို အသက်(၉)နှစ် မှ(၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား ထိုးနှံသွားမည် ဖြစ်ပြီး နန်းယွန်းမြို့နယ်အတွင်း ပထမအကြိမ် အသက်(၉)နှစ်မှ (၁၀) နှစ်အတွင်းရှိ မိန်းကလေး (၈၆၀) ဦးအား ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးသန့်ထံမှ သိရ သည်။
ဟန်ကမ်း (ပြန်/ဆက်)