စလင်း အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့တို့တွင် ၂၀၂၀ပြည့် နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပထမအကြိမ် မဲရုံမှူးသင်တန်းကို စလင်းမြို့ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က (ဆင်ဖြူကျွန်း) ကျောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရှေးဦးစွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘိုရဲက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဥမ္မာမြင့်က သင်တန်းတွင်ပို့ချမည့် ဘာသာ ရပ်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြ(၈)ဦးက ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား အခန်း(၈)ခန်းခွဲကာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၁၁၀) ရှိရာ မဲရုံပေါင်း(၂၇၉)ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသား/သူ (၄၈၀) ဦးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ကြော်ညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေး ကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး၊ အိတ်များထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ရောဂါကူးစက် ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတာဝန်များ၊ ပြန်လည်ဆွေးနွေးခြင်း ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အောက်တိုဘာ(၂၀) ရက်မှ(၂၁)ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒေါ်ဥမ္မာမြင့်ထံမှ သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)