မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

မြောက်ဥက္ကလာပ အောက်တိုဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံဖြိုးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင်  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ စည်ပင် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများက အဝိုင်းကြီး ဥက္ကလာသီရိပန်းခြံအတွင်း အများပြည်သူ အပန်းဖြေ ထိုင်ခုံများ ပျက်စီးနေမှုအခြေအနေအား မေးမြန်းလမ်းညွှန်၍ ပန်းခြံရှေ့၌ အများပြည်သူ အသုံးပြုရန် လမ်းတံတားအင်ဂျင်နီယာဌာနမှ Car Parking Area အဆင့်မြှင့် ဖော်ဆောင်နေမှုအား ကြည့်ရှုခြင်း၊ မြို့ထဲမှလာသည့်ယာဉ်များ ကျောက်ရေတွင်း Y တံတားသို့ ကွေ့တက်နိုင်ရန် လမ်ပိုင်းစနစ်များ ပြုပြင်နေမှုများ ကြည့်ရှုခြင်းနှင့် နွယ်နီ(၇)လမ်း လမ်းကြားပြုပြင်နိုင်ရန် တင်ပြလာသည့် နေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ခန်းမ၌  ဟာသသရုပ်ဆောင် ဦးငြိမ်းချမ်း၊ ဦးဒိန်းဒေါင်တို့၏ ချွန်တွန်း ပရဟိတအဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်အတွင်းဆောင်ရွက်မည့် ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)