ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံလယ်ယာမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်ကာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ရေဆိုးထုတ်တူးမြောင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ နှစ်စဉ် မိုးရာသီကာလများတွင် တောင်သူများ စိုက်ပျိုးသည့် လယ်ယာမြေများတွင် ရေနစ်မြုပ်မှု အန္တရာယ်များ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ တစ်ဆင့် တောင်သူများအား အဓိက စိုက်ပျိုးရေဖြန့်ဝေပေးနေသည့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်း မြောင်းမကြီးတို့တွင် ရေဆိုးထုတ်တူးမြောင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ နှစ်စဉ် မိုးရာသီကာလတွေမှာ မိုးရွာသွန်းမှုများရင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းလယ်မြေများတွင် ရေဝင်နစ်မြုပ်မှုတွေ တောင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် တောင်မုန်းမြောင်းမကြီးနဲ့ မြောင်းမုန်းမြောင်းမကြီးမှာ ရေဆိုးထုတ် တူးမြောင်းတွေ တူးဖော်ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေတဲ့ ရေဆိုးထုတ်တူးမြောင်းတွေကတော့ တောင်မုန်းမြောင်းမကြီးမှာဆိုရင် အပ်ထုတ်ရိုး ရေဆိုးထုတ်တူးမြောင်း အရှည်ပေ ၃၃၀၀၀ တူးဖော်ခြင်းလုပ်ငန်းကို ပန်းသိင်္ဂီ ကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လည်းကောင်း ၊ ကုလားဟောင်းချောင်း ရေဆိုးထုတ်မြောင်း အရှည်ပေ ၁၈၀၀၀ တူးဖော်ခြင်းနှင့် ဟင်းသမရိုး ရေဆိုးထုတ်မြောင်း အရှည်ပေ ၁၅၀၀၀ တူးဖော်ခြင်းလုပ်ငန်းကို လျှံလျှံကုမ္ပဏီမှ တင်ဒါစနစ်ဖြင့်လည်းကောင်း ၊ မြောင်းမုန်းမြောင်းမကြီးမှာဆိုရင် ဝရာရိုးရေဆိုးထုတ်မြောင်း အရှည်ပေ ၃၅၀၀၀ တူးဖော်ခြင်းလုပ်ငန်းကို ဓနဖြိုးပြည့်ကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လည်းကောင်း အသီးသီးတာဝန်ယူ တူးဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရေဆိုးထုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ၊ မတ်လကုန်မှာ အပြီးတူးဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခု တူးဖော်ဆောင်ရွက်နေတဲ့ ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်အတွင်းရှိ ကံဆွယ်၊ လယ်ကိုင်း ၊ လယ်လှကုန်း ၊ ပြည်လုံးကျော် ၊ ရွာသစ် ၊ သရက်အုပ် ၊ ကုလားဟောင်း ၊ ဥယျာဉ်ကျစ် ၊ ဇီးတော စသည့် ကျေးရွာအုပ်စုများမှ သီးနှံစိုက်ပျိုးလယ်မြေဧက ၁၁၇၀ ဧက ကို မိုးရာသီကာလ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးသွားစေမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း က ပြောပြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )