ပခုက္ကူ ဖေဖော်ဝါရီ ၂၆
ပခုက္ကူမြို့နယ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ပခုက္ကူမြို့နယ် အတွင်းရှိ ရေလာလေးကျေးရွာအုပ်စု၊ မန်ကျည်းသုံးပင်ကျေးရွာအုပ်စု၊ ကျတ်ထိုးကျေးရွာအုပ်စု၊ ကမ္မမြို့ အမှတ် ၉ ရပ်ကွက်နှင့် အမှတ် ၁၂ ရပ်ကွက်များတွင် ပြုပြင်ရန်လိုအပ်သည့် လူနေအိမ် ၄၀ စီ လေဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ဖြည့်စွက်အကြံပြု တင်ပြသည်။
ဆက်လက်၍ ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့လာရသည့် ပေါက်တောအုပ်စု၊ အနောက်ဆယ်လံကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ ၄၆ လုံး အတွက် ပြောင်းရွှေ့ စရိတ်ကျပ် ၄၇ သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပေါက်တော ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)