တောင်ဥက္ကလာပမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တောင်ဥက္ကလာပ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသည့်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။‌ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စာပေမြင့်မှလူမျိုးတင့်မည်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ အမျိုးသားအောင်ပွဲနေ့၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့၊ ပညာရဲရင့်ပွဲလယ်တင့်ခေါင်းစဉ်များဖြင့် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု (၂) ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၇၅) ဦးတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြ‌ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)