မင်းဘူး နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မောင်းမကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပ ဗဟုသုတရရှိစေမည့် သုတရသစာပေများကိုလည်း များများဖတ်ကြရန်နှင့် စာဖတ်ခြင်းကြောင့် ဉာဏ်ရည်၊ ဥာဏ်သွေးများ မြင့်မားကာ အကျိုးအကြောင်း အဆိုးအကောင်းနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော ပညာတတ် လူရည်လူမွန်များ ဖြစ်လာကြမှာ ဖြစ်ကြောင်းတို့ကိုပြောကြားပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက မိမိတို့၏ ဌာနအလိုက် အသိပညာပေးကဏ္ဍများကို အသီးသီးဟောပြော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)