မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ အောင်တော်မူ အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် ကျောက်တန်းအခြေခံပညာအလယ်တန်း ကျောင်းခွဲများ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သော လူငယ်များဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်သူများဖြစ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များ ဖြစ်လာစေရေး စသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)