လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့်  စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

လိပ်သို  နိုဝင်ဘာ ၁၇

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်  စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ကလောင်စုံ ရေးသားသော “စိတ်အတွေး စိတ်အရေး သုတရသစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ကလောင်စုံ  ရေးသားသည့် “စိတ်အတွေး စိတ်အရေး သုတရသစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ခင်မြတ်မွန်က “စာဖတ်ခြင်းဖြင့် မိမိဘ၀ကို မြှင့်တင်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် စောဝေယံဖြိုးလွင်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်အောက်မှ လူငယ်များအတွက် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အတုယူအားကျစရာပုဂ္ဂိုလ်များ အများအပြားရှိပါကြောင်း၊ ကိုယ့်ရည်မှန်းချက် လေထဲတွင် မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းဖို့မှာ ကိုယ့်တာဝန်သာဖြစ်ပါကြောင်း၊ တစ်ချို့ကလည်း စားဝတ်နေရေးအတွက် ဝါသနာပါတာ၊ မပါတာအသာထားပြီး ရရာအလုပ် ဝင်လုပ်ကြရကြောင်း၊ ခြေလျင်လျှောက်၍ လိုရာခရီးမရောက်လျှင် ရောက်နိုင်သည့်အရာ စိတ်ဆောင်၍ ဇွဲလုံ့လဝီရိယဖြင့် သွားပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လိုရာသို့ရောက်ရမည်သာဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရေးအတွက် အပတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)