ဒဂုံ​မြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (သရက်ပင်ချောင်)​ ကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက လူငယ်များကို နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ