ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၈
လူငယ်လူရွယ်များ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာ မောင်မိုးယံရေးသားထားသည့် “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါး” စာအုပ်မှ လူငယ်များနှင့်စာပေမြတ်နိုးစိတ် ခေါင်းစဉ်ပါအကြောင်းအရာများကို စာကြည့်တိုက်အသင်းဝင် ကျောင်းသား၊ ကျောင်းသူများကို ဆွေးနွေးရှင်းပြခဲ့ရာ စာဖတ်ပရိသတ်လူငယ်များကလည်း စာအုပ်မှ လူငယ်များနှင့်စာပေမြတ်နိုးစိတ်ခေါင်းစဉ်ပါ အကြောင်းအရာများကို အလှည့်ကျဖတ်ကာ ပြန်လည်၍ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။
ထို့နောက်တက်ရောက်လာကြသည့် စာဖတ်ပရိသတ်များက ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)