အုတ်တွင်း နိုဝင်ဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ကနဦးအနေဖြင့် ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးခင်မောင်ချိုက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်တွင် ပါဝင်သည့် စကားပြောဖို့ခလုတ်နှိပ်ပါ၊ မျှော်လင့်ချက်၊ လူတန်းစားအလွှာမခြားနားစေရာ၊ အချိန်အခါကိုသိပါ၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ (Book Club) အသင်းအဖွဲ့နှင့်ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးကြပြီးနောက် ဆွေးနွေးချက်များအားလုံးအပေါ် ဦးဆောင်သူ ဆရာဦးခင်မောင်ချိုက ခြုံငုံသုံးသပ်ဆွေးနွေးပေးသည်။
ထို့နောက် စာဖတ်ဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များက စာကြည့်တိုက်၌ ခင်းကျင်းပြသထားသောစာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်သတိရှိကြပါစို့ အသိပညာပေးနံရံကပ်စာစောင်နှင့် သက်ငယ်မုဒိမ်းမှုကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။
အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ်မှစတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)