သာကေတမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းကျင်းပ

သာကေတ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ ဖတ်သူ သုတ/ရသစာပေဆွေးနွေးခြင်းစာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဆောင်းနှင်းဖြူမှ စာပေကဏ္ဍတိုးတက်ရေး လစဥ်မပြတ်ဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက် ကိုပြောကြားခဲ့ပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်မှ မုဒိတာစကားကို ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် အလယ်တန်းကျောင်းအုပ် (ငြိမ်း)၊ စာရေးဆရာမ ဇွန်ဖြူ (ပညာရေး) မှ “အာဃာတမီးလျှံနှင့် ဘာသာယဥ်ကျေးမှုအသိဉာဏ်စာစုများ” ဝတ္ထုတိုစာအုပ်၌ ပါဝင်ရေးသားထားသည့်ဝတ္တုတို (၂၂) ပုဒ်၏ သုတရသရောယှက်ကာ ယဥ်ကျေးမှုအား အခြေခံ၍ခံစားရေးသားချက်၊ စာဖတ်ပရိတ်အားသိမြင်စေလိုသည့် ရှုထောင့်၊ ပညာရေးနယ်ပယ်၌ ကျင်လည်ကာ ကြုံတွေ့ခံစားရသည့် အတွေ့အကြုံများနှင့် ရောယှက်ကာ ရေးသားဖွဲ့နွဲ့ထားသည့် အကြောင်းအရာများ၊ ဇာတ်အိမ်တည်ဆောက်ပုံများကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကာ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များက စာရေးဆရာမ ဇွန်ဖြူ (ပညာရေး) ရေးသားသည့် “အာဃာတမီးလျှံနှင့် ဘာသာယဥ်ကျေးမှု အသိဉာဏ်စာစုများ “ဝတ္ထုတိုစာအုပ်အပေါ် ခံစားရှုမြင်သည့် သုတရသရောယှက်ကာခံစားရသည့် အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)