ကော့ကရိတ် နိုဝင်ဘာ ၂၁
(၃၁) ကြိမ်မြောက် ကော့ကရိတ်ခရိုင်/ မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ၊ ပင့်ကျောင်းသံဃာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်အပေါင်းတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးစိန္တိတထံမှ ငါးပါးသီလ ဆောက်တည်ခံယူပြီး သံဃာတော်အရှင်သူမြတ်ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြကြသည်။
ထို့နောက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ မြို့မကျောင်းတိုက် ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူခဲ့ကြသည်။ အဆိုပါ ကော့ကရိတ်ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း စုပေါင်းမဟာဘုံကထိန်သည် နှစ်စဥ် အစဥ်လာမပြတ် ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်သည် (၃၁) ကြိမ်မြောက်ဖြစ်ကြောင်း ဘုံကထိန်တွင် ပဒေသာပင်နှင့် ကထိန်သင်္ကန်း လှူဖွယ်ဝတ္ထုပစ္စည်း တန်ဖိုးမှာ စုစုပေါင်း (၇၆၇၂၂၀၀) ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)