နတ်မောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူ/လယ်အဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒု-မြို့နယ်ပညာရေးမှူးက နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တစ်မျိုးသားလုံး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအသိပညာများကို သိရှိစေရန် ရည်ရွယ်၍ ကျောင်းသား/သူများအတွက် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၄)ဦးတို့မှ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများကို အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း