အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ သက်ဝေ ရေးသားထားသည့် လူငယ်နှင့်အနာဂတ်ကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယက ရန်နောင်(ပညာရေး)နှင့် ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ တော်မြင့်တို့က အမှာစကားအသီးသီး ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ သက်ဝေ ရေးသားထားသည့် လူငယ်နှင့်အနာဂတ်ကို တည်ဆောက်ခြင်းစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် ဦးသက်တင်(မောင်သာတင့်)၊ ရန်မိုးအောင်(အင်းစိန်)၊ ဦးညွန့်ဝင်း(အမြင်သစ်)နှင့် စိန်ညိုမင်း(ထန်းတပင်)တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ ဝင်းနွယ်(ပုသိမ်)၊ ခင်နွဲ့မူ(အင်းစိန်)၊ ဦးသစ်လွင်၊ အောင်ငယ်စစ်၊ ဒေါ်ခင်ခင်လှနှင့် ရွှေဘုတ်(အင်းစိန်)တို့က အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)က နိဂုံးချုပ်စကား ပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)မှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)